Sunday, September 5, 2010

ီDo or Commit? နှင့် အခြားကဗျာများ


Do or Commit?

ကိုယ့်ကိုယ်ကိုလှူရင်တော့
လှူခြင်း အထမမြောက်ဘူးတဲ့။
အပယ်ခံသားတယောက်
ကိုယ့်နားထင်ပေါ်ကိုယ် သေနတ်မောင်းအဖြုတ်
အဲဒီ့မှာ ဇာတ်လမ်းရှုပ်တော့တာပဲ။
ကောင်းကင်ကို

တဘက်သတ်ဆိုရင်
အတွေးတွေကို တောင်ပံလိုဖြန့်
၂၂၀၀ ခုနှစ်ဆီ ခရီးဆန့်လိုက်တယ်။
သက္ကရာဇ် အဝင်ဝမှာ
ကျနော်အဖမ်းခံလိုက်ရပါတယ်။
စိတ်ကြွဆေးလက်ဝယ်တွေ့ရှိမှုတဲ့
၂၀ ရာစု သမိုင်းစာအုပ်လေးတအုပ် သယ်သွားမိရုံနဲ့။
ကောင်းကင်ကို

သိမှုတို့ရဲ့ သဘော
ကောင်မလေးတယောက်ပေါ့
သူများ ပါးစပ်တွေကို
မျက်မှန်လိုတပ်ပြီး ငါ့ကိုအကြည့်
လူဆိုးတယောက်အဖြစ် သိသွားတယ်။
ကောင်းကင်ကို

Wednesday, September 1, 2010

ကဗျာတိုလေးများ

အရူး
မရူးတော့ဘူး
အားလုံးရူးနေမှတော့
သြော်…မထူးတော့ဘူး။
ကောင်းကင်ကို

ဘာသာရေးတို့ စေတနာ
နေလုံးကြီးနဲ့တူတဲ့ အမှန်တရား
ငါ့ခေါင်းပေါ်တည့်တည့်ရွက်ထားလို့ဖြစ်ပါ့မလား
ငါ့အရိပ်တွေ
သိပ်တိုနေလိမ့်မယ်။
ကောင်းကင်ကို

အငြင်းပွါးစရာကြီး
ဒီကိစ္စမှာ
မင်းဦးနှောက်ကိုလည်း စာအုပ်တအုပ်က အုပ်ချုပ်တယ်။
ငါ့ဦးနှောက်ကိုလည်း စာအုပ်တအုပ်က အုပ်ချုပ်တယ်။
သုံးဒေါ်လာကျော်တန်ခြင်းအတူတူ
ဘာလို့တမူးပိုရှူမလဲ။
ကောင်းကင်ကို

ယဇ်
သတ္တဝါတွေကို သတ်ပြီးပူဇော်ရတဲ့ယဇ်
လူအချင်းချင်းသတ်ပြီး ပူဇော်နေကြတဲ့ယဇ်
အဲဒါတွေထဲမှာ
အားလုံးရဲ့အမြစ်
ဦးနှောက်ကို ပူဇော်လိုက်ရတဲ့အဖြစ်က အဆိုးဆုံးပဲ။
ကောင်းကင်ကို

ပဋိပက္ခ
ကိုးကွယ်စရာတွေ ဆိုတာ
မျက်လုံးမှိတ်လိုက်မှသာ မြင်ရတာ။

ဒီလိုနဲ့ 
တယောက်အမှောင်ကို တယောက်က
မီးထိုးလိုက်တဲ့အခါ…..
ကောင်းကင်ကို

လောက အပြင်ဘက်က ကောင်းကင် အရောင်းဆိုင်
ဆိုင်ရိပ်ခိုလာသူ မှန်သမျှ
အမောပြေ စိတ်တိုင်းကျ သောက်ဖို့ 
ရေကြည်အေးတို့ တည်ခင်းထားပါတယ်။

Menu ကို ဖတ်ကြည့်လိုက်တော့…

“အနာဂတ်တွင်
သင်ယုံကြည်ရာ မှာယူ သုံးဆောင်နိုင်ပါလိမ့်မည်။
ယနေ့ ဘာမျှ မရပါ။”
ကောင်းကင်ကို

ခေတ်ပြောင်းလဲတပ်ဆင်မှု အနုပညာ
သားသမီးပေးလိုက်ရတဲ့ အလှူကို
အခုခေတ်ထဲမှာ ထည့်ခလောက်ကြည့်တယ်။
ခေတ်ကြီးကိုက child right တွေ ဘာ right တွေနဲ့
အနှိုင်းမဲ့ပါရမီများ
သူ့ခေတ်သူသာ ဝတ်ပါစေ။
ကောင်းကင်ကို

ငါးမရတဲ့အတူတူ
ရေစက်လေး တစက်ကလည်း
ပင်လယ်ထက် ကျယ်ချင်ကျယ်မယ်။
ဖြစ်စေချင်တဲ့ ဆန္ဒတွေကို
ရသတွေနဲ့ ထုပ်ပိုးထားတယ်။
ကဲ..တရားမရလည်း
အနုပညာချိုးပြီးပြန်မယ်။
ကောင်းကင်ကို

ခုရက်ပိုင်း ရေးဖြစ်တဲ့ ကဗျာတိုလေးတွေကို ကဗျာဟောင်းတချို့နဲ့ ရောပြီး အတူတူ ပြန်တင်လိုက်တာပါ။

Tuesday, August 31, 2010

တွေ့ရှိမှုမှုများ

နားခိုရာကိုရှာတယ်
လမ်းတွေပဲတွေ့တယ်။

အရိပ်ကိုရှာတယ်
အမှောင်ကိုပဲတွေ့တယ်။

အချစ်ကိုရှာတယ်
ကိုယ့်ကိုယ်ကိုပဲတွေ့တယ်။
(ကောင်းကင်ကို)

Tuesday, August 24, 2010

တောင်ပံများရဲ့ သဘာဝ

ပြေးချင်တယ်
ငါ့ကိုယ်ငါ လိုက်မမီတော့တဲ့အထိ။
ပျံသန်းချင်တယ်
ငါ့ကိုယ်ငါ မမြင်နိုင်တော့တဲ့အထိ။

တွေးချင်တယ်
ငါ့ကိုယ်ငါတောင် ချပြလို့မရနိုင်တော့တဲ့အထိ။
ဆွေးနွေးချင်တယ်
ငါ့ကိုယ်ငါ ချွေးပျံရတဲ့ အထိ။

ငြင်းချင်တယ်
ငါ့ကိုယ်ငါ မရှင်းနိုင်တော့တဲ့ အထိ။
သြော်…
ရှင်းချင်တယ်
ငါ့ကိုယ်ငါ မငြင်းနိုင်တော့တဲ့ အထိ။

ထမေးချင်တယ်
ငါ့ကိုယ်ငါ မဖြေနိုင်တော့တဲ့အထိ။
ချရေးချင်တယ်
ငါ့ကိုယ်ငါ မျက်လုံးပြူးရတဲ့အထိ။

အတောင်ပံတွေ လွတ်လပ်ချင်တယ်
ငါ့အမိန့်ငါတောင် မနာခံတော့တဲ့အထိ။
အမှီအခိုကင်းချင်တယ်
အနာဂတ်မှာ ငါ့ခြေထောက်ပေါ်မှာတောင် ငါရပ်စရာ မလိုတော့တဲ့အထိ။

မြင့်မားချင်တယ်
ငါ့ကိုယ်ငါ ရှိခိုးနိုင်သည်အထိ။
ဈာန်ရချင်တယ်
ငါ့အဆင့်ထိငါ ပြန်မကျနိုင်တော့တဲ့အထိ။

အလင်းပွင့်လေးတခု အဖြစ်နဲ့ ရောင့်ရဲချင်တယ်။
ငါ့တကိုယ်စာငါ ခပ်ဝါးဝါးလေး မြင်ရသည်အထိ။
ဗလာလက်တစုံနဲ့
ကဗျာစက်ရုံလေးဖြစ်ချင်တယ်
ငါ့ကိုယ်ငါ ခူးဆွတ်လို့မနိုင်တော့တဲ့အထိ။

(ကောင်းကင်ကို)

Friday, August 20, 2010

Hallucination

သစ်သီးတွေကို ချိုတယ်ထင်တော့
သစ်သီး အခွံတွေက ဟားတိုက်တယ်။

ဂီတသံကို သာယာတယ် ထင်တော့
နားလေးသူတွေက ဟားတိုက်တယ်။

ဘုရားကျောင်းကန်တွေ တန်ခိုးရှိတယ် ထင်တော့
ငလျင်တွေက ဟားတိုက်တယ်။

ကောင်းကင်ဘုံတဲ့၊ အထက်အရပ်၌တဲ့
လုံးနေတဲ့ကမ္ဘာက ဟားတိုက်တယ်။

အစွဲအလမ်းတွေက သစ်ပင်တွေပေါ့
မိရိုးဖလာတွေကို ပုဆိန်တွေအဖြစ် အာရုံမှားခဲ့တယ်။

သြော်...သစ်ပင်ကို ခုတ်ရမယ့် ပုဆိန်တွေ
သစ်ပင်မှာ လာစိုက်နေခဲ့။
ကောင်းကင်ကို

Tuesday, August 17, 2010

ကောင်းကင်ကိုရဲ့ အတ္ထုပ္ပတ္တိ

အပျင်းတွေ စောင်လိုခြုံခဲ့တယ်
ပုလင်းတွေ တောင်လိုပုံခဲ့တယ်။

ကောင်းကင်ကို

Tuesday, August 10, 2010

ကြိုးညှိခြင်း

တံလျှပ်တွေထဲမှာ ယုံကြည်ချက်နဲ့
ငါးမျှားခဲ့တဲ့သူ ဖြစ်ဖူးတယ်။

‘အဖြေ’တွေချည်း ‘လှေနံဓားထစ်’ရှိတဲ့ အရာတွေမှာ
‘မေးခွန်း’တွေသာ လိုက်ရှာမိခဲ့။

ပိဋကတ်သုံးပုံထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
သမ္မာကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ဘတ်ဂဗတ်ဂီတာ ထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ကိုရန် ကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။

ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ဘုရားတဆူ သီတင်းသုံးနေတဲ့
စစ်ဌာန တခုလား?
စစ်ဘုရင်တပါး သိမ်းပိုက်သွားတဲ့
စေတီပျက်တဆူလား?
ထင်ထင်ရှားရှားရှိနေသလိုလို
ဝေဝေဝါးဝါးသိနေတယ်။

သူငယ်ချင်း…
ဒီည…ငါ…တရားမနာတော့ဘူး၊
ကိုယ့်ရင်ခုန်သံကိုယ် ပြန်နာရဦးမယ်။
ကောင်းကင်ကို

Tuesday, August 3, 2010

ချစ်တယ်

ချစ်တယ်
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။

ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။

ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။

ချစ်တယ်
အချစ်မှာ
မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
သူ့မျက်နှာမှာ ရှက်သွေးတွေစို
အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို့။
ကောင်းကင်ကို

Thursday, July 29, 2010

မေတ္တာဆိုတာ စူးတတ်တယ်

ကျောက်တုံးထဲကနေတောင်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။

နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။

တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။

အကောင့်များစွာဖွင့်ပြီး
၁၅၀၀ လွှင့်နေတဲ့ ကောင်မလေးရေ၊

သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။
ကောင်းကင်ကို

Tuesday, July 20, 2010

ဟင်္သာ

ပြိုင်တူတော့ တွန်းပါတယ်။
တယောက်က လီဗာနင်းရင်
တယောက်က ဘရိတ်နင်းတယ်။

ဖက်တော့ဖက်ထားပါတယ်။
ကော်နာစောင့်နေတဲ့ ဘောလုံးသမား နှစ်ယောက်
တယောက်ကို တယောက် ဖက်ထားသလိုမျိုး။

ဒဂုန်တာရာက ပြောတယ်။
“နိုင်ငံရေးလုပ်တယ်ဆိုတာ
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ”တဲ့...
ခုတော့ မိတ်ဆွေတွေပဲ ရန်သူ ဖြစ်ဖြစ်သွားတယ်။

မေးခွန်းတတောင့်နဲ့ ပစ်လိုက်တိုင်း
ငှက်နှစ်ကောင် သူတို့ ရတယ်။
ဖဲတချပ် ဆွဲထုတ်လိုက်တိုင်း
ပန်းနှစ်ပွင့် ကြွေကြွေကျတယ်။

ကဲ…
သွေးထားတဲ့ ဓားတွေသံချေးမတက်ဖို့
ကိုယ့်လက်ကိုယ်ပြန် ခုတ်ကြစို့။
ကောင်းကင်ကို

Friday, July 16, 2010

တဘက်မြင်

လောကကြီးမှာ
ဖြေရအခက်ဆုံး မေးခွန်းက
ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့ မေးခွန်းပဲ။

ဖြေကြည့်လိုက်တော့လည်း
ဘုရားတွေ ဆိုတာတောင်မှ
သတ်မှတ်မှုအရပဲ ရှိတာ။

ယုံကြည်ချက်လို့ ခေါ်ချင်ခေါ်
မှိုင်းလို့ ခေါ်ချင်ခေါ်
ရပ်မယ့်ခြေထောက်တွေရှိလို့
ရပ်စရာ မြေကြီးရှိတာ။

ဒီလိုနဲ့ ငါ
တိမ်တွေပေါ်မှာ ရပ်
သူများတွေကို ဖျတ်ခနဲ အကြည့်
ဟော..ဟိုမှာ ပိစိလေးတွေ။
ကောင်းကင်ကို

Wednesday, July 7, 2010

ဓားဝှက်ထားတဲ့ ခြေဖဝါး

အစကတော့
သောနုတ္ထိုရ်လို အကြည့်
ဒုက္ခသည် ဥပဓိနဲ့ ။

ကိုယ့်အတ္တကိုယ် မျက်နှာလွှဲ
ဖေးကူလက်တွဲ လိုက်မှ
အပြုံးတချက် မပျက်
လူစားလဲရက်တာ နာလိုက်တာ။

အစကတော့
မိတ်ဆွေထက်ပိုတဲ့ အပြုံး
ပန်းပွင့်မျက်နှာဖုံးနဲ့ ။

ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။
ကောင်းကင်ကို

Tuesday, June 29, 2010

အကြွင်း

လက်ယပ်ခေါ်နေတဲ့ အိပ်မက်လေးကိုတည်
ဘဝနဲ့ ရင်းပြီး စားကြည့်လိုက်တာ
ရလဒ်က သုညနဲ့ 
အမာရွတ်တွေ ကြွင်းခဲ့တယ်။
ကောင်းကင်ကို

Wednesday, June 23, 2010

ငါမဟုတ်ဘူး

လူတယောက်
၂၄နာရီ စက်ဝိုင်းကို ပတ်ပြီး
တာစထွက်ခဲ့တဲ့ နေရာဆီကို ပြေးနေတယ်။
ပြေးနေတာကလည်းငါ။
ရပ်နေတာကလည်းငါ။

ဓားတလက်
သွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
သွေးနေတဲ့ သူကလည်းငါ။
ဓားကလည်းငါ။
သံချေးကလည်းငါ။

ပါးကွက်သားတယောက်
ပစ္စုပ္ပန်တံခါးကို လာခေါက်နေတယ်။
ပါးကွက်သားကလည်း ငါ။
အပြစ်သားကလည်း ငါ။

ကဗျာတပုဒ်
စိတ်အိုက်အိုက်နဲ့ ခေါင်းကုတ်နေတယ်။
စပ်တဲ့သူကလည်းငါ။
ဖတ်တဲ့သူကလည်းငါ။
နားမလည်တဲ့သူကလည်းငါ။

မှန်တချပ်
ငါ့ရှေ့တည့်တည့်မှာ လာရပ်နေတယ်
မှန်ထဲက မျက်နှာ
အဲဒါ ငါမဟုတ်ဘူး။
ကောင်းကင်ကို

Friday, June 18, 2010

ကဗျာရွတ်သံ

ဗွီအိုအေမှာ ပြီးခဲ့တဲ့နှစ်က ဆရာမ ဒေါ်မေငြိမ်း စီစဉ် တင်ဆက်ထားတဲ့ ဒေါ်စုရဲ့ ကဗျာပါ။ ဒေါ်စုရဲ့ ကဗျာနောက်မှာ ဗွီအိုအေက ကိုသားညွန့်ဦး ရွတ်ဆိုပေးထားတဲ့ ကျနော့်ရဲ့ ကဗျာလည်း ပါပါတယ်။

Get this widget | Track details | eSnips Social DNA

Friday, June 11, 2010

ပွင့်ဖတ်ဝတ်ဆင်ထားတဲ့ကျောက်

လူအုပ်ကြားထဲမှာမှ
အထီးကျန်မှု အနံ့က ရတာ။
ငါကိုယ်တိုင် နားမထောင်ချင်တဲ့ စကားတွေ
ရွှန်းရွှန်းဝေအောင် ပြောနေရတယ်။

ငါ့ကို ငါမဆန်ဖို့
ငါ့ကိုယ်ငါ ဆန်တက်
မျက်နှာဖုံး တခု တပ်လိုက်မှ
အားလုံးမှတ်မိသွားကြတယ်။
ကောင်းကင်ကို