Monday, January 4, 2010

လူညီမျှခြင်းလူ

မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
‘မြို့ တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပေမယ့် မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

17 comments:

may said...

မြန်မာဆရာဝန်တွေ အပြင်ထွက်နေချိန်မှာ ဂျပန်ဆရာဝန်လေးတွေ နယ်စည်းမခြားအတွက်ပြင်ဆင်နေကြတယ်
မြန်မာပြည်မှာဆရာဝန်ပေါများစေခြင်လို့  ပံပိုးပေးနေတဲ့ သူတွေကို ကျောင်းပီးရင်အပြင်ကို ခေါ်ထုတ်ဖို့  တောင်းဆိုတဲ့ သူတွေ များတယ်

ဆရာကောင်း

ကျေးဇူးတင်ပါသည်
လေးစားလျှက်ပါ

Ko Paw said...

ကောင်းလိုက်တာဗျာ။

ဟန်လင်းထွန်း said...

ကဗျာတွေ ကောင်းလွန်းလို့ ကောင်းတယ်ပြောရမှာတောင် အားနာတယ်။ အကိုရေ

ငချမ်းကောင် said...

ကဗျာလေးကတကယ်ကောင်းတယ်ဗျာ။ မရှိတာထက် မသိတာခက်တယ် ဆိုသလိုပဲ။ တန်ဖိုးရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ။

ငချမ်းကောင် said...

ကဗျာလေးက တကယ့်ကို ကောင်းတယ်ဗျာ။ လူတွေကိုက ခက်တာပါဗျာ။ မရှိတာထက် မသိတာခက်တယ် ဆိုတဲ့ စကားလေးလိုပါပဲ။ တကယ်တန်ဖိုးရှိတဲ့ ကဗျာလေးပါ။ လေးစားတယ်ဗျာ။ အတွေးအခေါ်ကိုရော အရေးအသားကိုရော။

ksanchaung said...

ရင်ကို ထိတဲ့ ကဗျာ တပုဒ်ပါ။

win latt said...

ပြောချင်တာကတော့ အများကြီးပဲ အကို...
ပြောင်းပြန်တွေက အတည့်တွေဖြစ်နေတယ်...
အတည့်မဟုတ်တာတွေကိုလဲ ထည့်ထည့်ပြောနေတာခက်တယ်...။
ဝါဝါမြင်တိုင်း ရွှေမထင်နဲ့
ရွှေ....ရွှေညံ့ ဆိုတာရှိတယ်နော်...အကို...။
ရွှေညံ့ တွေရှိတယ်....။

Anonymous said...

ကြိုက်တယ်ဗျို့.... ဒီကဗျာကို နှုတ်ငုံဆောင်ချင်တယ်..တကယ်ပါ
လေးစားစွာဖြင့်
ကျော်နိုင်

Anonymous said...

ကြိုက်တယ်ဗျို့..ဒီကဗျာကို နှုတ်ငုံတောင် ဆောင်ချင်တယ်..တကယ်ပါ..

လေးစားစွာဖြင့်
ကျော်နိုင်

ကောင်းမွန်ဝင်း said...

Code of Hammurabi
ဟာမူရာဘီ သူ ဆိုသည်
“မျက်စိကိုမျက်စိချင်း၊ သွားကိုသွားချင်း
ရန်ဘက်ခွင်းမည်”

Statement of Mohandas Karamchand Gandhi
မဟတ္တမ ဂန္ဒီ သူ ဆိုသည်
“မျက်စိကို မျက်စိချင်း၊ ဟင်း ခက်ရချည့်သေး ဒါဆို လူသားတို့များ မျက်စိဆုံး
မျက်ကန်းအာလုံးဖြစ်မပေါ့ ကွယ်”

Message of Kaung Kin Ko
ကောင်းကင်ကို သူ ဆို တယ်
“ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။ ”

ဟာမူရာဘီ ခေတ် လူမဖြစ်ရတဲ့ ကျွန်မ ရဲ့ မျက်လုံးတွေ ကောင်းကင်ကိုရဲ့ ကဗျာ စာလုံးတွေကြောင့် မျက်ရည်ဖုံးတယ်။
“သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။”

ဂန္ဒီ ရဲ့ ကျေးဇူးနဲ့ မျက်စိတွေကိုဆက်လက် ပိုင်ဆိုင်ခဲ့ကြလို့ ကောင်းကင်ကိုကဗျာကပေးတဲ့ သတင်းကို ဖတ်လိုက်ရတယ်။
“သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။”

နွေဆူးလင်္ကာ said...

ကဗျာလာဖတ်သွားပါတယ်။ အစ်ကို့ဆီကို လာလို့ရလိုက် မရလိုက်နဲ့ဗျ။

hmwe said...

ကိုကောင်းကင်လို ကဗျာရေးတတ်ချင်တယ်
အရေးအသားကော အတွေးကော
ဘာမှကို ပြောစရာမလိုဘူး

yin said...

မင်းးးးးးးးးးးတော်လိုက်တာ

မင်းးးးးးးးးးကောင်းလိုက်တာ

မင်းးးးးးးးးးးးရေးထားတာ

မင်းးးးးးးးးးးးရေးတတ်တယ်

မင်းးးးးးးးးးးးးးးးးး?????????

ycowa(bangkok) said...

တကယ်ကို ရင်ထဲအသဲထဲ ထိတဲ့ကဗျာပဲပါပဲ။ ကျွန်တော်ရဲ မျက်လုံးထဲမှာကို တဖြည်းဖြည်းနဲ ပြန်ပြီး မြင်ယောင်လာစေတယ်။ မြင်ယောင်စေတယ်။

THE STARRY NIGHT said...

အရမ်းကောင်းတဲ့ကဗျာပဲဗျာ...........

ခွန်မြလှိုင် said...

ပထမဆုံး အပိုဒ်ကို နည်းနည်း ပြန်ပြင်ချင်လို့

while myanmar boss is scolding
to the burmese child-labors
japanese oldie is donating
to the burmese youngsters

ကဗျာကောင်းလေး တပုဒ်ကို စာဖတ်သူတွေဆီ မျှဝေလို့ ကျေးဇူးပါ ကိုကောင်းကင်ရေ

မိုးမောင် said...

ကိုကောင်းကင်ကဗျာကလည်း ကောင်း။ version ပြောင်းပေးတဲ့ ပုဂ္ဂိုလ်တွေကလည်း ကောင်း။ မူရင်းကောင်းတော့ မိတ္တူတွေလည်း ဂွတ်တာပေါ့ဗျာ။